ပုသိမ်တက္ကသိုလ် သင်္ချာဌာနမှ ရုံးစာရေးအမျိုးသမီးအသတ်ခံရမှုတွင် ကျူးလွန်သူမှာ ဖခင်အရင်းဖြစ်နေ


ပုသိမ်တက္ကသိုလ် သင်္ချာဌာနမှရုံး စာရေးအသတ်ခံရမှုတွင် ကျူးလွန်သူမှာ ဖခင်အရင်းဖြစ်နေသည်ဟု စစ်ဆေးပေါ်ပေါက်ကြောင်း သတင်းရသည်။


ပုသိမ်မြို့နယ် လင်းဝင်းကြီးကျေးရွာ အုပ်စု၊ ရေသိုးကုန်းကျေးရွာနေ ရုံးစာရေး မနီလာခိုင်သည် ဇန်န၀ါရီ ၁၇ ရက်ညပိုင်းက ရင်ဘတ်၊ ဦးခေါင်း၊ နောက်ကျောနှင့် မျက်နှာတို့တွင် ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာများဖြင့် နေအိမ်ရှိ အိမ်သာအတွင်း သေဆုံးနေသည်ကို ဖခင်ဖြစ်သူက တွေ့ရှိသဖြင့် ရွာသားများမှတဆင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။ အဆိုပါလူသတ်မှု၏ တရားခံကို ဖမ်းဆီးရမိရေးအတွက် ပုသိမ်မြို့ သင်္ဘောကျင်း နယ်မြေရဲစခန်းက ပ (၁၇)/၂၀၁၈၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး မသင်္ကာသူများကို စစ်ဆေးဆောင်ရွက်ခဲ့ရာ ၎င်းနေအိမ်တွင်ရှိသော သက်သေခံပစ္စည်းများဖြစ်သည့် ပုဆိုး၊ အင်္ကျီ၊ ဓား၊ ငရုတ်ကျည်ပွေ့၊ ရဲဒင်းစသည်တို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဓာတုဗေဒရုံးသို့ ပို့ဆောင်စစ်ဆေးချက်အရ ပုဆိုးနှင့်ရဲဒင်းတို့တွင် လူသွေးများ တွေ့ရှိခဲ့ရကြောင်း သိရသည်။


ယင်းသို့ မသင်္ကာဖွယ်ရာအထောက်အထားများ တွေ့ရှိရသည့်အတွက် ဖခင်ဖြစ်သူ ဦးအောင်ပုအား ခေါ်ယူစစ်ဆေးရာ ၎င်းကိုယ်တိုင်သတ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် ရဲစခန်း၌ ၀န်ခံဖြောင့်ချက် ပေးခဲ့ကြောင်း သိရှိရသည်။


အမှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၅ ရက်တွင် သက်ဆိုင်ရာမှ မသင်္ကာတရားခံ ဦးမောင်ပုနှင့်အတူ အခင်းဖြစ်ပွားရာသို့ သွားရောက်၍ ကျူးလွန်မှုသရုပ်ပြပြုလုပ်ခဲ့သည်။


ဖြစ်စဉ်မှာ ဦးမောင်ပုနှင့် မနီလာခိုင်တို့သည် သားအဖနှစ်ဦးတည်း နေထိုင်ပြီး အခင်းဖြစ်ညနေက ပုသိမ်မြို့ ကင်မလင်းကျွန်းရပ်ကွက်တွင် ၀ယ်ယူသည့်မြေကွက်ကိစ္စ စကားများရာ ဦးမောင်ပုမှ အနီးရှိ ငရုတ်ကျည်ပွေ့ဖြင့်ထုခဲ့ပြီး သတိလစ်သွားချိန်တွင် အိမ်ရေကပြင်သို့ပွေ့ချီခဲ့ကာ ပန်းကန်စင်ပေါ်ရှိ ဓားမြှောင်ဖြင့် ရင်ဘတ်သို့ ၆ ချက်ထိုးခဲ့ကြောင်း၊ ထို့နောက် ထင်းခုတ်ရဲဒင်းဖြင့် ဦးခေါင်း၊ မျက်နှာ၊ ကျော များကိုထပ်မံခုတ်ခဲ့ပြီး သွေးများကို ရေစင်အောင်ဆေးကာ အလောင်းကို အိမ်သာထဲသို့ သွားရောက်ထားရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖုန်းဆက်အသိပေးခဲ့ခြင်းဖြစ် ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။


''ဖခင်တယောက်အနေနဲ့ ဒီလောက်ရက်ရက်စက်စက် သတ်မယ်ထင်မထားဘူး''ဟု လင်းဝင်းကြီးကျေးရွာ NLD ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။


အဆိုပါအမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ရဲလုပ်ငန်းစဉ်များ ပြုလုပ်ဆဲဖြစ်သည့်အတွက် လတ်တလော သတင်းမထုတ်ပြန်နိုင်သေးကြောင်း ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်စိုးက ပြောသည်။  


အောင်အောင်(ပုသိမ်)