ဆန်ကုန်သည်များထံမှ ကျပ်သိန်းပေါင်းငါးသောင်းကျော် လိမ်လည်ထွက်ပြေးသူ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းကာ အမှုကို CID သို့ လွှဲပြောင်းစစ်ဆေးမည်ဟု သိရ


ပြီးခဲ့သည့် ဇန်န၀ါရီလက ဆန်စပါးကုန်သည်များထံမှ ငွေကျပ်သိန်းပေါင်း ငါးသောင်းကျော် လိမ်လည် ထွက်ပြေးသွားသူကို တလကျော်ကြာသည့်တိုင်အောင် ဖမ်းမမိသေးသောကြောင့် သူ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းကာ အမှုကိုသက်ဆိုင် ရာရဲစခန်းမှ CID သို့ လွှဲပြောင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဆန်ကုန်သည်များ၏ အဆိုအရသိရသည်။


''အခုလက်ရှိကတော့ အမှုဖွင့်ပြီးတော့ သူ့ရဲ့ပိုင်ဆိုင်မှုပစ္စည်းတွေကို သိမ်းတဲ့အဆင့်ပဲ ရှိသေးတယ်၊ ပိုင်ဆိုင်မှုပစ္စည်းတွေကလည်း သူတယောက်တည်းမပိုင်တဲ့ မရှုပ်မရှင်းဟာတွေပဲ ကျန်နေတယ်၊ အခုလော လောဆယ် ကိုအောင်ဆွေဦးကို  အဆက်အသွယ်လည်း မရဘူး၊ ပစ္စည်းတွေ သိမ်းတာလည်း မပြီး ပြတ်သေး ဘူး၊ ရုံးကို တင်နိုင်လောက်တဲ့ အနေအထားမရှိသေးဘူး၊ အမှုကတော့ ပနံပါတ် ၃ ခုနဲ့ အမှုသုံးမှုဖွင့်ထားတယ်၊ အခုလောလောဆယ်တော့ သူ့ပိုင်ဆိုင်မှုတွေကို ရဲနဲ့ပေါင်းပြီး လိုက်စုတယ်၊ တရားစွဲဆိုနိုင်အောင် လုပ်နေတယ်၊ ကျန်တဲ့ ဂိုဒေါင်တွေမှာ ဆန်အစုတ်တွေ၊ အိတ်ခွံအစုတ်တွေ ကျန်တာကတော့ ရဲနဲ့လိုက်သိမ်းနေတယ်၊ အဲဒါမျိုး ပဲ လုပ်ရသေးတယ်''ဟု မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးသန်းဦးက News Watch သို့ ပြောသည်။


ထိုသို့ ပိုက်ဆံများယူဆောင်သွားသူ ဦးအောင်ဆွေဦးကျန်ရှိခဲ့သည့် ပိုင်ဆိုင်မှုများမှာ ဆန်အိတ်များ၊ မော်တော်ကားနှင့်  ရုံးခန်းပိုင်ဆိုင်မှု အရှုပ်အရှင်းများစွာ ရှိနေသည့်အတွက် သက်ဆိုင်ရာရဲစခန်းမှ CID သို့ လွှဲပြောင်း၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဦးသန်းဦးက ထပ်မံပြောဆို သည်။


''၃၇/၃၈ ဂိုဒေါင်၊ ရွှေပြည်သာဇုန် ၃ မှာ၊ ဆန်အိတ်နှစ်သောင်းလေးထောင်ကျော်ကို နိုင်ငံခြားသားကုမ္ပဏီ တခုက ငွေထုတ်ပေးထားတယ်ဆိုပြီး အဲဒီပစ္စည်းတွေကို ရွှေ့သွားလို့၊ ဇန်န၀ါရီလ ၂၄၊ ၂၅ လောက်က ရွှေ့သွားတာ၊ အဲဒါရဲကို ဒီပစ္စည်းတွေသိမ်းဖို့ စာရင်းတွေပေးထား တယ်၊ အခုအဲဒါရဲကပြန်တောင်းနေတယ်၊ ပြန်တောင်းနေတော့ အခုအဲဒီပစ္စည်းတွေကိုပြန်ပေးဖို့ ဦးချစ်ခိုင်နဲ့ အဲဒီအိန္ဒိယ ကုမ္ပဏီ CEO တွေ့ဖို့ လုပ်နေ တယ်၊ အခုလက်ရှိကတော့၊ သူရဲ့ပိုင်ဆိုင်မှုက ရုံးခန်းအဆောက်အဦက ငွေကျေအောင်ချေမထားတော့ ငွေသိန်း ၁၁၈၀ အကြွေးကျန်နေတော့ သိမ်းလို့မရဘူး။ အဲဒီလိုဖြစ်နေတယ်၊ သူစီးတဲ့ကားက ရိုးမဘဏ်က ပိုက်ဆံနဲ့ ၀ယ်ထားတာ၊ ရိုးမဘဏ်က ပြန်သိမ်းသွားတယ်၊ မော်တော် ကားကို ဘဏ်ကနေသိမ်းသွားတော့ အဲဒီ ပစ္စည်းကို ကုန်သည်တယောက်က သူပိုင်တယ်၊ သူ့ကိုလွှဲထားတယ်ဆိုပြီး စာရွက်စာ တမ်းတွေပြတယ်၊ အဲဒီ စာရွက်စာတမ်းတွေက အမှန်တွေလား အတုတွေလား၊ ပိုင်ရှင်မရှိခင် သူ့ဘာသာရေးချွတ်ပြီး နားလည်မှုနဲ့ လုပ်သလားဆိုတာ ကျွန်တော်တို့က အများအတွက် ရဲကိုသေချာ စိစစ်ခိုင်းတော့ ရဲကစီအိုင်ဒီကို ပို့ပြီးစစ်ပေး မယ် ပြောတယ်၊ ခုထိတော့ အဖြေထွက်မလာသေးဘူး''ဟု ၎င်းကပြောသည်။


အဆိုပါ အမှုကို ကုန်သည် ၂၆ ယောက်က ဘုရင့်နောင်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး ထိုက်သင့်ငွေကြေးကို ပြန်လည်ရရှိလိုကြောင်း ငွေကျပ်သိန်း ၅၁၀ ပါသွားသည့် ဆန်ကုန်သည် ဦးအောင်မြိုင်က ပြောသည်။


ကျန်ရှိသည့် ဆန်အိတ်နှစ်သောင်းကျော်သည် ကာလပေါက်ဈေးဖြင့် ကျပ် သိန်း ၄၀၀၀ ခန့်ရှိပြီး မော်တော်ကား၊ ရုံးခန်းတို့သည် အရစ်ကျစနစ်ဖြင့် ၀ယ်ယူထားခြင်းဖြစ်သောကြောင့် ငွေကြေး အလိမ်ခံလိုက်ရသည့် ကုန်သည် များနှင့် အကျိုးဆောင်များ၏ နစ်နာမှုများအား ပြန်လည်ခွဲဝေပေးရန် စီစဉ်ထားသော်လည်း ယင်းပစ္စည်းများ အပေါ်တွင် ပိုင်ဆိုင်မှုများ အငြင်းပွားနေခြင်းဖြစ်ကြောင်း၊ ထို့အတူ ဦးအောင်ဆွေဦးသည် မန္တလေးမြို့တွင်လည်း  မြေကွက် နှစ်ကွက်ပိုင်ဆိုင် ထားကြောင်းလည်း သိရသည်။


အဆိုပါကိစ္စများနှင့်ပတ်သက်၍ ဘုရင့်နောင်ရဲစခန်းသို့ News Watch ဂျာနယ်မှ ဖေဖော်ဝါရီ ၁၅ ရက်က ဆက် သွယ်မေးမြန်းရာ တာဝန်ကျအရာရှိတဦး က”အဲဒီကိစ္စ စခန်းမှူးကိုယ်တိုင် စစ်နေတယ်ဗျ''ဟု ဖြေကြားသည်။


ASO ကုမ္ပဏီမှ ဦးအောင်ဆွေဦးဆိုသူသည် ဆန်စပါးကုန်သည်များထံမှ သိန်းပေါင်းသောင်းချီသောငွေများကို ယူဆောင်ထွက်ပြေးတိမ်းရှောင်နေမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇန်န၀ါရီ ၆ ရက် တွင် မြန်မာနိုင်ငံ ဆန်စပါးကုန် သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်တွင် သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သေးသည်။


ကျော်ဝဏ္ဏ